မတရားကျင့်ခံရသည့် ရှမ်းမိန်းကလေး ပြန်လည်စွဲချက်တင်ခံရဟု ဆို

Posted in In The News

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်က အဓမ္မပြုကျင့်မှုတခုမှာ ကျူးလွန်သူက အရေးယူမခံရဘဲ ကာယကံရှင်မိန်းကလေသာ ပြန်ပြီး စွဲချက်တင်ခံခဲ့ရပါတယ်လို့ ရှမ်းအမျိုးသမီးရေးရာအဖွဲ့က ပြောပါတယ်။

ကျောက်မဲဇာတိ နန်းဆောင် (အမည်ရင်းမဟုတ်) ဆိုသူဟာ မူဆယ်အခြေစိုက် ရှင်းဟွာ ကုမ္ပဏီမှာ ထမင်းချက် အလုပ်လုပ်ကိုင်နေပြီး လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလက ကုမ္ပဏီရဲ့ တာဝန်ခံ မောင်လှစိန် ခေါ် ထိန်မင်ကြည် ၂၄ နှစ်ရဲ့ မတရားကျင့်မှုကို ခံခဲ့ရတာလို့ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဆောင်ရွက်ရေးအသင်း တာဝန်ခံ ယိင်းဟာန်ဖက ဒီဗွီဘီကို ပြောပါတယ်။

“ထိန်မင်ကြည်က မိန်းကလေးကို မတရားကျင့်ပြီး လက်ထပ်ယူမယ်လို့ ကတိပေးတယ်။ ပြီးတော့ ၃ လ တူတူနေပြီး ကိုယ်ဝန်ရှိလာတဲ့ခါကျတော့ ကောင်မလေးကို အားဆေးလို့ လိမ်ပြောပြီး ကိုယ်ဝန်ပျက်ဆေးတိုက်တယ်။ ပြီးတော့ သူအိမ်ပြန်မယ်၊ ၂ လစောင့်ခိုင်းတယ်။ နောက်တော့ ပြန်မလာတော့ဘဲ ဖုန်းဆက်လာတယ်။ သူ့မှာ မိန်းမရှိလို့ လက်မထပ်နိုင်ဘူးတဲ့၊ နစ်နာကြေး သိန်း ၄၀၀ ပေးမယ်တဲ့။ ဒါပေမယ့် ကတိမတည်ဘူး။ ဒါနဲ့ မိန်းကလေးက ရဲစခန်းမှာတိုင်ပြီး တရားစွဲခဲ့တယ်။”

တရားရင်ဆိုင်နေစဉ်အတွင်း ထိန်မင်ကြည်ရဲ့ ယောက္ခမက မနှစ် မေလတုန်းက မိန်းကလေးကို သူတို့အိမ်မှာ လာဖြေရှင်းဖို့ ခေါ်ယူပြီး မိန်းကလေးရောက်သွားတဲ့အခါမှာ သူ့ကို ၀ိုင်းရိုက်ပြီး အဝတ်အစားပါ ဆွဲချွတ်ခဲ့ကြောင်း၊ မိန်းကလေးမှာ အဝတ်ဗလာနဲ့ ထွက်ပြေးပြီး မူဆယ်ရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။

မူဆယ်ရဲစခန်းက အမှုကို လက်ခံခဲ့ပြီး မူဆယ်မြို့နယ်တရားရုံးက ထိန်မင်ကြည်ရဲ့ ယောက္ခမကို ရာဇသတ်ကြီး ပုဒ်မ ၄၂၇၊ ၃၂၃ တို့နဲ့ စွဲချက်တင်ခဲ့ကြောင်း၊ ဒါပေမယ့် ရုံးချိန်း အကြိမ် ၃၀ ကျော်ရှိခဲ့ပြီး အဲဒီအတောအတွင်း ရဲစခန်းမှ တာဝန်ရှိ ဒုရဲအုပ်ဟာ တကြိမ်တခါမှ ရုံးချိန်းမလာဘူးလို့ ဆိုပါတယ်။

ဒီနှစ် မတ်လ ၁၄ ရက်နေ့ကတော့ ထိန်မင်ကြည်ရဲ့ ယောက္ခမက မိန်းကလေးကို ပုဒ်မ ၄၄၇၊ ပုဒ်မ ၄၂၇ နယ်မြေကျူးကျော်မှု၊ အကျိုးစီးပွား ပျက်စီးမှုတွေနဲ့ ပြန်လည်တရားစွဲဆိုထားပြီး မြို့နယ်တရားသူကြီးကိုယ်တိုင် လက်မှတ်ထိုးထားတာကို အံ့သြစွာလက်ခံခဲ့ရတာလို့ မိန်းကလေးဘက်က ရှမ်းအမျိုးသမီးရေးရာအဖွဲ့ (SWAN) ဆီ တိုင်ကြားထားတာလို့ ယိင်းဟာန်ဖ က ဒီဗွီဘီ ကို ပြောပါတယ်။

ထိန်မင်ကြည်ရဲ့ ယောက္ခမတွေမှာ စီးပွားရေးတောင့်တင်းပြီး ပြည်သူ့စစ်နဲ့ပါ အဆက်အသွယ် ရှိကြောင်း၊ သူတို့အနေနဲ့ ငွေကြေးနဲ့ အာဏာအသုံးပြုပြီး အမှုကို အလှည့် အပြောင်းဖြစ်အောင် ဆောင်ရွက်တာလို့ ရှမ်းအမျိုးသမီး ဆက်သွယ်ဖလှယ်ရေးအသင်းက ပြောဆိုရှုတ်ချလိုက်ပါတယ်။

ဒီကနေ့မှာလည်း မိန်းကလေးအမှုအတွက် ရုံးချိန်းရှိပေမယ့် တရားလိုဘက်က ရောက်မလာခဲ့သလို မိန်းကလေးရဲ့ ရှေ့နေလည်း ရောက်မလာတဲ့အတွက် မြို့နယ်တရားရုံးက မေလ ၆ ရက်နေ့ ကို ရက်ထပ်ချိန်းလိုက်ကြောင်း၊ အဲဒီနေ့့မှာ နှစ်ဘက် အပြန်အလှန်တင်ထားတဲ့ စွဲချက်တွေကို စစ်ဆေးမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မတရားကျင့်ခံရသူ မိန်းကလေးတွေအေနေနဲ့ ငွေရှိတဲ့သူ၊ အာဏာရှိတဲ့သူရဲ့ အနိုင်ကျင့်မှုကြောင့် လူမသိသူမသိနဲ့ အရှုံးပေးခဲ့ရတာတွေ များစွာရှိကြောင်း၊ စီးပွားရေးတောင့်တင်းသူတွေက ငွေနဲ့ အမှုအခင်း အပြောင်းအလဲလုပ်နေတာတွေဟာ ဌာနဆိုင်ရာနဲ့ နိုင်ငံတော် အချုပ်အခြာကို ထိပါးရာရောက်တယ်လို့ ရှမ်းအမျိုးသမီးရေးရာက ပြောပါတယ်။

ဒါကြောင့် အစိုးရသစ်အနေနဲ့ နိုင်ငံအချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ထိပါးနေခြင်း ကို ကာကွယ်တားဆီးပေးဖို့၊ ငွေရှင်ကြေးရှင်တွေ မတရားမှု ကျူးလွန်နေတာကို လျစ်လျူရှု ထားတာတွေ၊ ကျုးလွန်ခွင့်ပေးနေတာတွေ ရပ်ဆိုင်းရေးကို အရှိန်အဟုန်မြင့်လုပ်ဆောင်ဖို့ တိုက်တွန်းကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဖလှယ်ရေးအသင်းက ဒီကနေ့ နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

DVB